Friday, April 20, 2012

မာနကြီးက နိမ့်ကျရ မာနစင်လျှင် နိဗ္ဗာန်မြင်

ဘုရားရှင်လက်ထက်တော်မှာ ပုဏ္ဏာထေရီမဆိုတာ ရှိခဲ့တယ်။ သူမရဲ့ အကြောင်းကို လေ့လာကြည့်မိတယ်။ တကယ်တော့ သူမဟာ ဘ၀ပေါင်းမြောက်များစွာမှာ နိဗ္ဗာန်ရောက်ကြောင်း ပါရမီကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်ခဲ့သူပါ။ ဒီဘဒ္ဒကမ္ဘာမှ ပြန်လည်ရေတွက်လျှင် လွန်ခဲ့သော ၉၁-ကမ္ဘာအထက်မှာ ပွင့်တော်မူတဲ့ ၀ိပဿီဘုရားရှင်လက်ထက်တော်မှာ အမျိုးကောင်းတဲ့ အိမ်မှာ မွေးဖွားခဲ့တယ်။ အမျိုးကောင်းတော့ အသိလည်းကောင်းတာပေါ့၊ ပါရမီကုသိုလ်ကြောင့်လည်း အမျိုးကောင်းအိမ်မှာ မွေးဖွားလာရတာပါ။ အကြောင်းညီညွတ်တော့ သံဝေဂတွေဖြစ်ပြီး ဘိက္ခုနီတွေအထံမှာ တရားနာတယ်၊ သဒ္ဓါတရားတွေဖြစ်ပေါ်လာတယ်၊ အဲဒီနောက်တော့ ဘိက္ခုနီဝတ်တယ်၊ သီလစင်ကြယ်အောင် ထိန်းတယ်၊ ပိဋကသုံးပုံကို သင်ယူလေ့လာတော့ သုတများလာတာပေါ့၊ ရထားတဲ့ တရားစာပေတွေလဲ များလာတော့ တရားဟော ဓမ္မကထိကလည်း ဖြစ်လာတယ်။ ဒီလိုမျိုးနဲ့ သိခီ -ဝေဿဘူ-ကကုသန်-ကောဏာဂုံ-ကဿပဘုရားရှင်တွေရဲ့ သာသနာတော်မှာ ဘိက္ခုနီဖြစ်ခဲ့တယ်။ ဒီလိုဆိုတော့ မာနကြီးစရာတွေဖြစ်နေပြီလေ၊ ဒါ့ကြောင့်ဘဲ ကိလေသာတွေကို မပယ်သတ်နိုင်ဘူးဖြစ်နေတယ်။ တော်သေးတာက မာနဓာတ်ခံရှိနေပေမယ့် ဘယ်သူ့ကိုမှ အထင်သေးတဲ့ စကားတွေနဲ့ မချိုးနှိမ်ခဲ့တာပဲ၊ မဆဲဆိုခဲ့တာပဲ။ ဒါပေမယ့် မာနနဲ့ ပြုလုပ်ခဲ့တဲ့ ကံတွေကြောင့် ယခုဘုရားရှင်လက်ထက်တော်ဝယ် အနာထပိဏ်သူဌေးအိမ်မှာ မွေးမွေးချင်း အိမ်ကျွန်မဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့် မာနနဲ့ မည်သည့်ကံတွေကိုမှ မလုပ်မိဖို့ အရေးကြီးလေစွ။
``ဗာဟုသစ္စေန တေနာဟံ၊ ပေသလာ အဘိမညိသံ=တပည့်တော်မဟာ သုတများစွာရှိတဲ့ အတွက်ကြောင့် (စာတတ်သောကြောင့်) သီလချစ်ခင် ထေရ်အရှင်မတို့ကို အထင်သေးခဲ့မိပါတယ်`` ဒီစကားကတော့ သူမကိုယ်တိုင် ပြောကြားခဲ့တာပါ။ ``မာနေန နီစကုလဇာ၊ န ဟိ ကမ္မံ ၀ိနဿတိ= မာနကြောင့် နိမ့်ကျတဲ့ အမျိုးမှာ ဖြစ်ရပါတယ်၊ မှန်၏၊ ပြုလုပ်ထားတဲ့ ကံဟာ ပျောက်ပျက်ရိုး မရှိပါ`` ဒီစကားကလည်း သူမကိုယ်တိုင် မှတ်ချက်ပေးခဲ့တာပါ။
ကျွန်တွေရဲ့ ထုံးစံအတိုင်း နေပူမရှောင် မိုးရွာမရှောင် အေးအေး ပူပူ သခင်တွေရဲ့ ဆူပူကြိမ်းမောင်းမှုကို မခံရလေအောင် အလုပ်လုပ်ကြရတယ်။ ပုဏ္ဏာကျွန်မလေးဟာလည်း အလွန်အေးတဲ့ ဆောင်းရာသီမှာ ရေခပ်ဆင်းရတယ်၊ တစ်နေ့  ရေခပ်ဆင်းတော့ ဒီလောက်အေးနေတဲ့ အထဲ အစောကြီး ရေချိုးနေတဲ့ ပုဏ္ဏားကို တွေ့လိုက်တယ်။ ဒီပုဏ္ဏားက ရေထဲငုပ် မန္တာန်တွေရွတ် လုပ်ပြီး ပြန်တက်လာတော့ တကိုယ်လုံးခိုက်ခိုက်တုန်နေပြီ၊ အောက်မေးရိုးက အထက်မေးရိုးကို စည်းချက်ညီအောင် တီးနေပြီ။ ဒီလိုလုပ်တာ မကောင်းမှုတွေ စင်ကြယ်မယ်လို့ ယူဆတဲ့ မိစ္ဆာအယူကြောင့်ပေါ့။ ကျွန်မလေးက အနာထပိဏ်သူဌေးအိမ်က ကျွန်မဆိုတော့ အဆင့်က မနိမ့်ပါးပါဘူး၊ ဘုရားရှင်ရဲ့ တရားတော်တွေကို နာယူမှာ အမှန်ပါ၊ ဒီတော့ ဒီလိုလုပ်တာ မှားယွင်းတဲ့ အယူကြောင့်ဆိုတာ သူမ သိတာပေါ့၊ ဒါကြောင့်ပဲ သနားစိတ်ဝင်ပြီး ပုဏ္ဏားကို အဲဒီမှားယွင်းတဲ့ အယူကို စွန့်လွှတ်စေခြင်လို့ စကားစပြောလိုက်တယ်။
``အိုပုဏ္ဏား….. အသင်ဟာ အဘယ်ကို ကြောက်လန့်၍ ညနေ မနက်အခါမပြတ် ရေသို့ သက်ဆင်းရသနည်း၊ သက်ဆင်းပြီးနောက် တုန်လှုပ်နေသော ကိုယ်တို့ဖြင့် အလွန်အေးသော သည်းခံနိုင်ခဲသော ဒုက္ခကို ခံစားနေဘိသနည်း?``
``ရှင်မ ပုဏ္ဏာ…..  ပြုလုပ်မိသော မကောင်းမှုကို တားမြစ်နိုင်တဲ့ ကောင်းမှုဆိုတာ ဤသို့ ရေသို့ သက်ဆင်း၍ ရေချိုးခြင်းပဲ၊ ဤကောင်းမှုကို ပြုလုပ်နေသော ငါ့ကို သိလျက် သင်သည် မေးဘိ၏။``
``ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ လူလတ်ဖြစ်စေ သူတစ်ပါးကို ညှင်းဆဲခြင်းစသော မကောင်းမှုကို မွေ့လျော်ပျော်ပိုက်စွာ အကယ်၍ ပြုမိအံ့၊ ရေသို့ သက်ဆင်း၍ ရေသွန်းဖြန်းခြင်းဖြင့် ထိုမကောင်းမှုတို့မှ လွတ်မြောက်နိုင်ပါ၏ ရှင်မပုဏ္ဏာ…..။``
``အိုပုဏ္ဏား…..သင်ကလည်း ကံနှင့် ကံ၏ အကျိုးတရားကို မသိမြင်၊ ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်မြောက်နိုင်၏-လို့ သင့်အား ပြောသူကလည်း ကံနှင့် ကံ၏ အကျိုးတရားကို မသိမြင်၊ (မသိသူက မတတ်သူအား ပြောဟောသည်-ပေါ့) ထိုစကားကို မယုံကြည်ထိုက်၊ အသင့်ယုတ္တိလည်း မရှိပါ။``
``အကယ်၍ ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်မြောက်သည် ဖြစ်အံ့၊ ဖား လိပ် နဂါး မိကျောင်းစသော ရေနေသတ္တ၀ါအားလုံးတို့သည် နတ်ပြည်သို့ ရောက်ကုန်လတ္တံ့။``
``သိုးသတ်သမား ၀က်ထိုးသမား တံငါသည် သားမုဆိုး သူခိုး သူခိုးသတ်သမား-စသော မကောင်းမှုကို ပြုသော သူတို့သည်လည်း ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်ကုန်လတ္တံ့။``
``အကယ်၍ ဤမြစ်တို့သည် သက်ဆင်း၍ ရေချိုးခြင်းကြောင့် ပြုမိသော မကောင်းမှုတို့ကို မျှောပစ်နိုင်ကုန်အံ့၊ ကောင်းမှုတို့ကိုလည်း မျှောပစ်နိုင်ကုန်ရာ၏၊ ထိုသို့ ဖြစ်သော် သင်ပုဏ္ဏားသည် ကောင်းမှုမှ အပဖြစ်သူ ဖြစ်သွားရာ၏။``
``ရေသို့ သက်ဆင်း၍ ရေချိုးသူသည် ကောင်းမှုကို မမျှောနိုင်သလို မကောင်းမှုကိုလည်း မမျှောနိုင်ပါ၊ အဘယ့်ကြောင့်နည်း၊ ရေချိုးခြင်းသည် မကောင်းမှုဖြစ်ကြောင်းတို့၏ ဆန့်ကျင်ဘက် မဖြစ်နိုင်သောကြောင့်တည်း။``
``တစ်ခုက တစ်ခုကို ဖျက်ဆီးနိုင်မှသာ ဆန့်ကျင်ဘက် ဖြစ်နိုင်ပါ၏၊ အလင်းက အမှောင်၏ ဆန့်ကျင်ဘက်၊ ပညာက မသိနားမလည်မှု၏ ဆန့်ကျင်ဘက်ဖြစ်သလိုပါဘဲ။ သို့သော်လည်း ရေချိုးခြင်းက မကောင်းမှု့၏ ဆန့်ကျင်ဘက်မဖြစ်နိုင်ပါ။``
``ပုဏ္ဏား…..အကယ်၍ သင်သည် မကောင်းမှုကို ကြောက်သည်ဖြစ်အံ့၊ ထိုမကောင်းမှုကိုပင် မပြုလုပ်ပါလင့်၊ ဤကဲ့သို့ အေးသော အခါ၌ ရေသို့ သက်ဆင်းခြင်းသည် မိမိကိုယ်ကို သက်သက် နှိပ်စက်ခြင်းမျှသာတည်း၊ သင်၏ အရေပြားကို အအေးသည် မနှိပ်စက်ပါစေလင့်။``
``ရှင်မပုဏ္ဏာ…..သင်ဟာ မကောင်းသော လမ်းကြောင်းကို သွားနေတဲ့ ငါ့ကို မှန်ကန်ဖြူစင်တဲ့ လမ်းသို့ ဆောင်ပို့ဘိ၏၊ ထို့ကြောင့် သင့်အား နှစ်သက်ပါသည်၊ ဤအ၀တ်ကို သင့်အား ဆရာအား ပူဇော်သောအားဖြင့် ပေးပါ၏၊ ထိုအ၀တ်ကို ခံယူပါဘိလော့။``
အဲဒီလို ပုဏ္ဏားက ပြောတော့ ပုဏ္ဏားကို သရဏဂုံသီလတွေမှာ တည်စေခြင်လို့ ပြောလိုက်ပါတယ်``သင့်ရဲ့ အ၀တ်သည် သင့်အားသာ ဖြစ်ပါစေတော့၊ ငါကား အ၀တ်ကို အလိုမရှိပါ၊ အကယ်၍ အသင်ပုဏ္ဏားသည် အပါယ်ဆင်းရဲနှင့် သုဂတိဘုံ၌သော်မှလည်း ဆင်းရဲမျိုးစုံမှ ကြောက်သည် ဖြစ်အံ့၊ မချစ်နှစ်သက်သည် ဖြစ်အံ့၊ ထင်ရှားရာ၌ဖြစ်စေ ကွယ်ရာ၌ဖြစ်စေ အနည်းငယ်မျှသော မကောင်းမှုကို မပြုလုပ်ပါလင့်။``
``အကယ်၍ မကောင်းမှုကို နောင်အခါ၌ ပြုအံ့၊ ယခုအခါသော်လည်း ပြုအံ့၊ ဘယ်နေရာပြေးပြေး သင့်အား ဆင်းရဲမှ လွတ်မြောက်ခြင်း မရှိနိုင်ပါ၊ ဂတိကာလ-စသော အကြောင်းတို့ ညီညွတ်သော် အကျိုးပေးမှာ ဧကန်ပင် ဖြစ်ပါ၏။``
``အကယ်၍ ဆင်းရဲမျိုးစုံကို ကြောက်သည် ဖြစ်အံ့၊ မချစ်နှစ်သက်သည် ဖြစ်အံ့၊ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ပါလော့၊ သီလတို့ကိုလည်း ဆောက်တည်ဖြည့်ကျင့်ပါလော့၊ ထိုသရဏဂုံဆည်းကပ်မှုနှင့် သီလဆောက်တည်ဖြည့်ကျင့်ခြင်းသည် သင်၏ အစီးအပွားဖြစ်ပါလတံ့။``
အဲဒီလို ပြောတော့ ပုဏ္ဏားက ၀န်ခံပြီး ရတနာမြတ်သုံးပါးကို ကိုးကွယ်ပါတယ်၊ သီလတို့ကိုလည်း ဆောက်တည်ဖြည့်ကျင့်ပါတယ်၊ နောက်သော အခါမှာ ဘုရားရှင်ရဲ့ အထံတော်မှာ တရားနာရတော့ သဒ္ဓါတရားများ တိုးတက်လာပြီး ရဟန်းဝတ် တရားအားထုတ်ပါတယ်၊ ဒါ့ကြောင့် ရဟန္တာအဖြစ်နဲ့ ဘ၀ဇာတ်သိမ်းသွားပါတယ်။
တကယ်လို့များ ``ငါက မြင့်မြတ်တဲ့ ဇာတ်ရှိသူ၊ သူမက ကျွန်၊ သူနဲ့ စကားပြောစရာလိုလို့လား၊ သူပြောတဲ့ အတိုင်း ငါ လုပ်စရာလိုလို့လား၊ မတန်မရာစကားတွေ ပြောတယ်၊ ဖိနပ်ကြားက နတ်စကားထွက်တယ်``ဆိုပြီး မာနခံနေယင် ရဟန္တာဖြစ်နိုင်ဖို့ နေနေသာသာ သရဏဂုံတောင် တည်မှာ မဟုတ်၊ အယူမှားကိုလည်း စွန့်မှာ မဟုတ်တော့ ဘ၀ဒုက္ခတွေကို ဆက်လက်ခံစားနေရအုံးမှာပါ။ ဒါ့ကြောင့် မာနမထားရပါဘူး။ မှန်ကန်ပြီး အကျိုးရှိတဲ့ စကားကို နာယူသင့်တာပေါ့၊ နာယူပြီးယင်လည်း လိုက်ပြုကျင့်သင့်တာပေါ့။
ငါတို့ မြန်မာလူမျိုးတွေဟာ ``သာကီမျိုးဟေ့ ဒို့ဗမာ``နဲ့ မာန်ထောင်၊ ကိုယ့်ကိုယ်ကို အထင်ကြီး (တကယ့်ကို ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သူတွေ အများကြီးပါ။ နှိမ်တာ မဟုတ်ပါ။) ပညာဖလှယ်ရကောင်းမှန်းမသိ၊ လုပ်နိုင်တာ တစ်ခုတစ်လေလောက်နဲ့ ဟုတ်လှပြီလို့ အောက်မေ့လို့ ခေါင်းဆောင်လုပ်သူတွေက အစ ယခုတော့ ``သာကီမျိုးဟေ့ ဒို့ချာချာ``ဖြစ်နေပါပြီ။ ဒါ့ကြောင့် မာနမထား သူတစ်ပါးကိုလည်း အထင်ကြီးတဲ့ စိတ်မျိုးမထားဘဲ ပညာချင်းဖလှယ်၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်လေးစား မနာလိုဝန်တိုမှုတွေကို မထားကြယင် သိပ်ကောင်းမှာဘဲလို့ ဆန္ဒပြုမိကြောင်းပါ။

0 comments:

Post a Comment

 
Powered by Blogger | Tested by Blogger Templates | Best Credit Cards