Wednesday, June 13, 2012

Read more »

Saturday, April 28, 2012

စကားကောင်းအရာ အင်္ဂါငါးပါး၊

၁။ ပြောသင့်သောအချိန်၌ ပြောဆိုသော စကား၊ ၂။ မှန်သော စကား၊ ၃။ နူးညံ့ သိမ်မွေ့သော စကား၊ ၄။ အကျိုးစီးပွားနှင့်စပ်သော စကား၊ ၅။ မေတ္တာစိတ်ဖြင့်ပြောသော စကား၊ (အင်္ဂုတ္ထိုရ်၊ ပဉ္စက၊ ဗြာဟ္မဏဝဂ်၊ ဝါစာသုတ်)
Read more »

စကားကောင်းအရာ အင်္ဂါလေးပါး၊

၁။ မိမိသူတပါး နှစ်ဦးသား၏ အကျိုးကို ဆောင်သော စကား၊ ၂။ တရားစကား၊ ၃။ ချစ်နှစ်သက်ဖွယ်သောစကား၊ ၄။ မှန်သော စကား။ သဂါထာဝဂ္ဂ၊ ဝင်္ဂီသ သံယုတ်၊ သုဘာသိတသုတ်။
Read more »

စကားများခြင်း အပြစ်ငါးပါး။

၁။ မဟုတ်မမှန်ပြောမိခြင်း။ (မုသာ ဘဏတိ) ၂။ ကုန်းချောစကား ပြောမိခြင်း။ (ပိသုဏံ ဘဏတိ) ၃။ ကြမ်းတမ်းသော စကားကိုပြောမိခြင်း။(ဖရုသံ ဘဏတိ) ၄ ။သိမ်ဖျင်းသော စကားကို ပြောမိခြင်း(သမ္ဖပ္ပလာပံဘဏတိ) ၅။ အပါယ်ငရဲသို့ ကျရောက်ခြင်။ (အပါယံ ဒုဂ္ဂတိံ ၀ိနိပါတံ နိရယံ ဥပပဇ္ဇတိ) (ဗဟုဘာဏိသုတ်)
Read more »

လင်္ကာမြေက အလှပြိုင်ပွဲ။

တခါတုန်းက သီဟိုဠ်ကျွန်းမှာ အလွန်သပ္ပါယ်ပြီး ကြည်ညိုဖွယ်ကောင်းသော ရဟန်းငယ် အရှင်အဘယနှင့် ရုပ်အလွန်လှပသော အမတ်ကြီးသား ရှိခဲ့ပါတယ်။ သူတို့နှစ်ဦးက ဘယ်လောက်ထိလှသလဲဆိုတော သီဟိုဠ်ကျွန်းက လူတွေက ကုသိုလ်ကောင်းမူပြုပြီး ရဟန်းနှင့်အမတ်ကြီးသားလို ရုပ်လှရပါလို၏ဟု ဆုတောင်းလျှက် ကုသိုလ်ကောင်းမူတွေ ပြုလုပ်ပါတယ်။ ပုဂ္ဂိုလ်မင်တော တရားခင်ဆိုတဲ့အတိုင်းပုထုဇဉ်တို့ ပီပီ ရဟန်းကိုကြည်ညိုသောသူတွေက သူတို့ရဟန်းဟာ အလှဆုံးဟု ယူဆထားကြပါတယ်။ ဟိုဘက်က အမတ်ကြီးသားဘက်က သူတွေကလည်း သူတို့ အမတ်သားက အလှဆုံးဟု လက်ခံထားပါတယ်။ တစ်နေတော့ ရဟန်းဘက်က သူတွေနှင့် အမတ်ကြီးသားဘက်ကသူတွေက တွေဆုံပြီး စကားစပ်မှီစပ်ရာပြောရင်း စကားလမ်းကြောင်းက ရဟန်းငယ်နှင့် အမတ်ကြီးသားရုပ်လှတဲ့ အကြောင်းဘက်သို့ဦးတည်ပြောင်းလဲသွားပါတယ်။ရဟန်းငယ်ဘက်သူတွေက အမတ်ကြီးသားဘက်လူတွေကို ငါတို့ ရဟန်းက လင်္ကာကျွန်းမှ အလှဆုံးဟုပြောတယ်။ တစ်ဘက်က အမတ်ကြီးသားသူတွေကလည်း သူတို့ အမတ်ကြိးသားက အလှဆုံးဟု ပြန်ပြောပါတယ်။ ဒီလိုနဲ စကားက အငြင်းအခုံဖြစ်နေပါတယ်။ ဒီနေရမှာတင် အမတ်ကြီးသားဘက်က လူတစ်ယောက်က သတ္တိရှိရင် သင်တို့ ရဟန်းနှင့် ငါတိုအမတ်ကြိးသား ဘယ်သူက ပိုလှတယ်ဆိုတာ အလှပြိုင်ကြမလားဟု ထပြီး စိန်ခေါ်လိုက်ပါတယ်။ရဟန်းငယ်ရဲ အဖွဲ့ကလည်း ဘယ်အညံ့ခံမလည်း စိန်လိုက်လေဆိုပြိး ထပ်စိန်ခေါ်လိုက်ပါတယ်။ အလှပြိုင်ပွဲမှာ သီဟိုဠ်ကျွန်းမှာ အလွန်ထင်ရှားတဲ့နေရာဖြစ်တဲ့ မဟာစေတီဖြစ်ပါတယ်။ အမတ်ကြီးသားကလည်း အ၀တ်အစားများကို အကောင်းဆုံး ၀တ်ဆင်ပြီး ပြိုင်ပွဲနေရာသို့လာခဲ့ပါတယ်။ ရဟန်းတော်အဘယ၏မယ်တော်ကလည်းသားတော်မောင်ရဟန်းကိုအကောင်းဆုံးသင်္ကန်းကိုဆက်ကပ်ခဲ့ပါတယ်။သားတော်မောင်ရဲ့ခေါင်းကိုပြောင်အောင်ကိုရိတ်စေပြီးမယ်တော်ကြီးလှူသောသင်္ကန်းကိုဆင်မြန်းကာ မဟာစေတီရှိရာ အလှပြိုင်ပွဲသို့လာခဲ့ပါတယ်။ ယင်းအလှပြိုင်ပွဲမှာ ဘယ်သူနိုင်တဲ့အကြောင်း မပြောကြားခင်ရဟန်းငယ်နှင့် အမတ်ကြီးသားတို့  ဘယ်ကုသိုလ်ကြောင့် ခုလိုလှပကြတဲ့ဆိုတာ သူတို့ နှစ်ဦး၏ အတိတ်ဘ၀ကို ပြောကြားပရစေ။ အတိတ်ဘ၀က ရဟန်းငယ်က ကျောင်းထိုက်ဆရာတော်ကြီးဖြစ်ခဲ့ပြီး အမတ်ကြီးသားက ဝေယျဝစ္စလုပ်ပေးနေသော ကပ္ပိယကြီးဖြစ်ခဲ့ပါတယ်။ ရဟန်းငယ်နှင့် အမတ်ကြီးသားတို့၏ နေတိုင်းကုသိုလ်တစ်ခုက ကျောင်းဝင်းထဲက စေတီတစ်ဆူမှာ မထေရ်ကြီးက တံမြက်လှည်းပြိး ကပ္ပိယကြီးက အမိုက်ကျူံးပေးပါတယ်။ မထေရ်ကြီးက ကုသိုလ်ကောင်းမူကို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွစေတနာပါပါဖြင့် လုပ်ပြီ့း ကပ္ပိယကြီးကလည်း မထေရ်ကြီးစေခိုင်းသည်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အမိုက်ကျုံးပစ်ပေးခဲ့ပါတယ်။အဲဒီ ကုသိုလ်ကြောင့် မထေရ်ကြီးက အလွန်သပ္ပါယ်ပြီး ကြည်ညိုသော ရဟန်းငယ်ဖြစ်ပြိး ကပ္ပိယကြီးက အလွန်လှပသော အမတ်ကြီးသား သူငယ်ဖြစ်လာခဲပါတယ်။ စာဖတ်သူများ အတိတ်အကြောင်းသိပြီးဖြစ်သောကြောင့် “လင်္ကာမြေက ရုပ်အလှပြိုင်ပွဲမှာ” ရဟန်းငယ်နှင့် အမတ်ကြီးသား သူငယ်တို့ဘယ်သူနိုင်တဲ့ဆိုတာ ခန့်မှန်းလိုရပါတယ်။ အတိတ်ဘ၀ကတုန်းက ရဟန်းငယ်သည် အမတ်သား၏ ဆရားလည်းဖြစ်ပြီး ကုသိုလ်ကောင်းမူတို့ကို စိတ်အားထက်သန်စွာဖြင့် ဦးးဆောင်လျှက် အမတ်သားထက် ကုသိုလ်ကောင်းမူတို့ကို ပိုမိုလုပ်ဆောင်ခဲ့သောကြောင့် ဤအလှပြိုင်ပွဲတွင် ရဟန်းငယ်က အနိုင်ရပါကြောင်း ။ တံမြက်လှည်းရခြင်းအကျိုး (၅)ပါးလင်္ကာလေးကို ရှေးဆရာတွေက စီကုံးထားပါတယ်။ သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့်၊ တစ်လီနတ်ချစ်၊ ရောင်လစ်ဆင်းလှ၊ သေကာလမှာ၊ ရောက်ရာနတ်ပြေ၊ ဤငါးထွေသည် ၊ မှတ်လေ တံမြက်လှည်းအကျိုးတည်း။ တံမြက်လှည်းရခြင်းအကျိုး(၅)ပါး။ ၁။ တခြားသူ၏ စိတ်ကြည်လင်ခြင်း၊ ၂ ။မိမိ၏ စိတ်ကြည်လင်ခြင်း၊ ၃ ။နတ်တို့ ချစ်ခင်ခြင်း၊ ၄ ။ အဆင်းလှပခြင်း၊ ၅ ။သေပြိးနောက် နတ်ပြည်ရောက်ရခြင်း။ (ကျမ်းကိုး- ပရိဝါအဋ္ဌကထာ ၊ ပဉ္ဓက၀ဏ္ဏနာ) ရခဲ့လှသောလူဘ၀မှာ ကုသိုလ်ဆိုတာ ပိုက်ဆံကုန်မှ ရတာမဟုတ်ဘဲ မိမိတို့၏ အိမ်က ဘုရားများကို ရေသပ္ပါယ်ခြင်း၊ ကျောင်းကန်းဘုရားများ၌ တံမြက်လှည်းခြင်းဖြင့် ကုသိုလ်ပြုကြပါရန် ရည်ရွယ်ချက်ဖြင့် ရေးသားပါသည်။
Read more »

Sunday, April 22, 2012

ဘုရားအကြိုက်ဆုံးပူဇော်နည်း

မြတ်စွာဘုရားကို အခြားလှူဖွယ်ပစ္စည်းတွေနှင့် ပူဇော်တာထက် အခုလို ယောဂီတို့ တစ်ရှူ တစ်ရှိုက် တရားနှင့် ပူဇော်တာက ပိုမွန်မြတ်တယ်။ ဘာလို့လဲဆိုတော့ - မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေက အတီးအမှုတ် တွေနဲ့သီဆိုပြီး ပန်းနံ့သာအမွှေးအကြိုင်တွေနှင့် လိုလေသေးမရှိ အခါမဲ့ပန်းတွေလဲ ပွင့်လို့ ၊ သက်ရှိသက်မဲ့ တွေကတောင် ပူဇော်ကြတာ။ ဒီလိုပူဇော်တာတွေကြည့်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို နောက်ဆုံးမှာသွားတာက ချစ်သား အာနန္ဒာ…… ‘ ဒီလိုပစ္စည်းဝတ္ထုတွေနဲ့ ပူဇော်တာ ငါဘုရားကို ရိုသေလေးစားရာမရောက်ဘူး ၊ မြတ်နိုးကော်ရော် ရာလဲ မရောက်ဘူး၊ ရဟန်းဖြစ်စေ၊ လူဖြစ်စေ တရားနှလုံးသွင်း ရှုမှတ်ပြီး ပူဇော်တာကမှ အကောင်းဆုံး ပူဇော် ရာရောက်တယ် ’ လို့ ဟောထားခဲ့တာ။ ယခု ယောဂီတို့ ဘုရားကြိုက်တဲ့ ပူဇော်နည်းနှင့် ပူဇော်နေကြပြီ။ မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး
Read more »

အရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာလေးပါ

အရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာလေးပါ ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊ စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊ စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။ ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊ ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊ ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊ မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။ စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊ စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။ ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊ ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။ သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊ ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊ သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။ ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။ စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။ ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။ သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။ ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။ စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။ စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။ လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။ အရှင်ဆန္ဒာဓိက
Read more »

မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂ ဆုံးမစာ•"

• လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊ မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့၊ များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက် မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ........... ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော် သုဘရာဇာ ၊ မြေအောက်မှာပင် ဘာသာလူမျိုး ၊ ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း ......။ ။ (မိုးကုတ်ဆရာတော်ဘုရားကြီး)
Read more »

ရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ

တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တက်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချင်ခင်မယ့်သူ ပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတက်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတက်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ ရှိလာမှာပါ။ တူသော အကျိုးပေးတက်တဲ့ ကံတရားကို ဘယ်သူကများ ဟန့်ထားနိုင်တာမှတ်လို့...၊ ရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ )
Read more »

Friday, April 20, 2012

ဆေး ၁

အပြင်ကအလှ
မည်မျှပင် ချယ်သစေ
အတွင်းက ပုပ်ညှီ
မသတီစရာ ယိုစီး
ခန္ဓာကြီး သည်ပုပ်ကောင်
သုဘယောင် ဖန်ဆင်း
အ၀ိဇ္ဖာညှင်းဆဲတော့
တဏှာလဲ မနေသာ
ဖွေရှာကာ သည်ကိုယ်ကြီး လှယောင်ဖန်တီး။     ။
Read more »

ဘာ့ကြောင့်လဲ

  1. သူများအသက်  သတ်သည့်တွက်  အသက်ကိုယ့်မှာတို။
  2. မသတ်ရှေင်ရှား  ထိုသူများ  ရှည်လျားအသက်ကို။
  3. နှိပ်စက်ကလူ  ညှဉ်းဆဲသူ  ပြောထူရောဂါဆို။
  4. သနားစိတ်သွင်း  မနှိမ်နှင်း  ကင်းရှင်းရောဂါကို။
  5. ထန်ပြင်းဒေါသ  ကြီးတတ်က  အလှပျက်မည်ဆို။
  6. ဒေါသကင်းစင်  မေတ္တာယှဉ်  ကြည်လင်လှသကို။
  7. မနာလိုပြန်  ဣဿာထန်  ခြံရံကင်းမည်ဆို။
  8. ဣဿာမထား  ၀မ်းမြောက်ငြား  ပေါများခြွေရံကို။
  9. မလှူမဒါန်း  မပေးကမ်း  ခြောက်ခမ်းဥစ္စာဆို။
  10. စွန့်ကြဲလေ့တုံ  ပြုပါကုန်  ကုံလုံကြွယ်ဝလို။
  11. မာန်မာနကြွယ်  ထိုသူဝယ်  မျိုးနွယ်ညံ့မည်ဆို။
  12. ထိုက်သူရိုကျိုး  မာန်ကိုချိုး  အမျိုးမြတ်သကို။
  13. သိဖွယ်ဟူသမျှ  မမေးက  ဖျင်းအ ပညာဆို။
  14. ကြားမျင်များအောင်  မေးလေ့ဆောင်  ခုနောင်တတ်သိလို။ (စူဠကမ္မ၀ိဘင်္ဂသုတ်တော်လာအချက်များကို ဆရာတော်ကြီးအရှင်ဇနကာဘိဝံသ လင်္ကာရေးသည်။)
Read more »

မာနကြီးက နိမ့်ကျရ မာနစင်လျှင် နိဗ္ဗာန်မြင်

ဘုရားရှင်လက်ထက်တော်မှာ ပုဏ္ဏာထေရီမဆိုတာ ရှိခဲ့တယ်။ သူမရဲ့ အကြောင်းကို လေ့လာကြည့်မိတယ်။ တကယ်တော့ သူမဟာ ဘ၀ပေါင်းမြောက်များစွာမှာ နိဗ္ဗာန်ရောက်ကြောင်း ပါရမီကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်ခဲ့သူပါ။ ဒီဘဒ္ဒကမ္ဘာမှ ပြန်လည်ရေတွက်လျှင် လွန်ခဲ့သော ၉၁-ကမ္ဘာအထက်မှာ ပွင့်တော်မူတဲ့ ၀ိပဿီဘုရားရှင်လက်ထက်တော်မှာ အမျိုးကောင်းတဲ့ အိမ်မှာ မွေးဖွားခဲ့တယ်။ အမျိုးကောင်းတော့ အသိလည်းကောင်းတာပေါ့၊ ပါရမီကုသိုလ်ကြောင့်လည်း အမျိုးကောင်းအိမ်မှာ မွေးဖွားလာရတာပါ။ အကြောင်းညီညွတ်တော့ သံဝေဂတွေဖြစ်ပြီး ဘိက္ခုနီတွေအထံမှာ တရားနာတယ်၊ သဒ္ဓါတရားတွေဖြစ်ပေါ်လာတယ်၊ အဲဒီနောက်တော့ ဘိက္ခုနီဝတ်တယ်၊ သီလစင်ကြယ်အောင် ထိန်းတယ်၊ ပိဋကသုံးပုံကို သင်ယူလေ့လာတော့ သုတများလာတာပေါ့၊ ရထားတဲ့ တရားစာပေတွေလဲ များလာတော့ တရားဟော ဓမ္မကထိကလည်း ဖြစ်လာတယ်။ ဒီလိုမျိုးနဲ့ သိခီ -ဝေဿဘူ-ကကုသန်-ကောဏာဂုံ-ကဿပဘုရားရှင်တွေရဲ့ သာသနာတော်မှာ ဘိက္ခုနီဖြစ်ခဲ့တယ်။ ဒီလိုဆိုတော့ မာနကြီးစရာတွေဖြစ်နေပြီလေ၊ ဒါ့ကြောင့်ဘဲ ကိလေသာတွေကို မပယ်သတ်နိုင်ဘူးဖြစ်နေတယ်။ တော်သေးတာက မာနဓာတ်ခံရှိနေပေမယ့် ဘယ်သူ့ကိုမှ အထင်သေးတဲ့ စကားတွေနဲ့ မချိုးနှိမ်ခဲ့တာပဲ၊ မဆဲဆိုခဲ့တာပဲ။ ဒါပေမယ့် မာနနဲ့ ပြုလုပ်ခဲ့တဲ့ ကံတွေကြောင့် ယခုဘုရားရှင်လက်ထက်တော်ဝယ် အနာထပိဏ်သူဌေးအိမ်မှာ မွေးမွေးချင်း အိမ်ကျွန်မဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့် မာနနဲ့ မည်သည့်ကံတွေကိုမှ မလုပ်မိဖို့ အရေးကြီးလေစွ။
``ဗာဟုသစ္စေန တေနာဟံ၊ ပေသလာ အဘိမညိသံ=တပည့်တော်မဟာ သုတများစွာရှိတဲ့ အတွက်ကြောင့် (စာတတ်သောကြောင့်) သီလချစ်ခင် ထေရ်အရှင်မတို့ကို အထင်သေးခဲ့မိပါတယ်`` ဒီစကားကတော့ သူမကိုယ်တိုင် ပြောကြားခဲ့တာပါ။ ``မာနေန နီစကုလဇာ၊ န ဟိ ကမ္မံ ၀ိနဿတိ= မာနကြောင့် နိမ့်ကျတဲ့ အမျိုးမှာ ဖြစ်ရပါတယ်၊ မှန်၏၊ ပြုလုပ်ထားတဲ့ ကံဟာ ပျောက်ပျက်ရိုး မရှိပါ`` ဒီစကားကလည်း သူမကိုယ်တိုင် မှတ်ချက်ပေးခဲ့တာပါ။
ကျွန်တွေရဲ့ ထုံးစံအတိုင်း နေပူမရှောင် မိုးရွာမရှောင် အေးအေး ပူပူ သခင်တွေရဲ့ ဆူပူကြိမ်းမောင်းမှုကို မခံရလေအောင် အလုပ်လုပ်ကြရတယ်။ ပုဏ္ဏာကျွန်မလေးဟာလည်း အလွန်အေးတဲ့ ဆောင်းရာသီမှာ ရေခပ်ဆင်းရတယ်၊ တစ်နေ့  ရေခပ်ဆင်းတော့ ဒီလောက်အေးနေတဲ့ အထဲ အစောကြီး ရေချိုးနေတဲ့ ပုဏ္ဏားကို တွေ့လိုက်တယ်။ ဒီပုဏ္ဏားက ရေထဲငုပ် မန္တာန်တွေရွတ် လုပ်ပြီး ပြန်တက်လာတော့ တကိုယ်လုံးခိုက်ခိုက်တုန်နေပြီ၊ အောက်မေးရိုးက အထက်မေးရိုးကို စည်းချက်ညီအောင် တီးနေပြီ။ ဒီလိုလုပ်တာ မကောင်းမှုတွေ စင်ကြယ်မယ်လို့ ယူဆတဲ့ မိစ္ဆာအယူကြောင့်ပေါ့။ ကျွန်မလေးက အနာထပိဏ်သူဌေးအိမ်က ကျွန်မဆိုတော့ အဆင့်က မနိမ့်ပါးပါဘူး၊ ဘုရားရှင်ရဲ့ တရားတော်တွေကို နာယူမှာ အမှန်ပါ၊ ဒီတော့ ဒီလိုလုပ်တာ မှားယွင်းတဲ့ အယူကြောင့်ဆိုတာ သူမ သိတာပေါ့၊ ဒါကြောင့်ပဲ သနားစိတ်ဝင်ပြီး ပုဏ္ဏားကို အဲဒီမှားယွင်းတဲ့ အယူကို စွန့်လွှတ်စေခြင်လို့ စကားစပြောလိုက်တယ်။
``အိုပုဏ္ဏား….. အသင်ဟာ အဘယ်ကို ကြောက်လန့်၍ ညနေ မနက်အခါမပြတ် ရေသို့ သက်ဆင်းရသနည်း၊ သက်ဆင်းပြီးနောက် တုန်လှုပ်နေသော ကိုယ်တို့ဖြင့် အလွန်အေးသော သည်းခံနိုင်ခဲသော ဒုက္ခကို ခံစားနေဘိသနည်း?``
``ရှင်မ ပုဏ္ဏာ…..  ပြုလုပ်မိသော မကောင်းမှုကို တားမြစ်နိုင်တဲ့ ကောင်းမှုဆိုတာ ဤသို့ ရေသို့ သက်ဆင်း၍ ရေချိုးခြင်းပဲ၊ ဤကောင်းမှုကို ပြုလုပ်နေသော ငါ့ကို သိလျက် သင်သည် မေးဘိ၏။``
``ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ လူလတ်ဖြစ်စေ သူတစ်ပါးကို ညှင်းဆဲခြင်းစသော မကောင်းမှုကို မွေ့လျော်ပျော်ပိုက်စွာ အကယ်၍ ပြုမိအံ့၊ ရေသို့ သက်ဆင်း၍ ရေသွန်းဖြန်းခြင်းဖြင့် ထိုမကောင်းမှုတို့မှ လွတ်မြောက်နိုင်ပါ၏ ရှင်မပုဏ္ဏာ…..။``
``အိုပုဏ္ဏား…..သင်ကလည်း ကံနှင့် ကံ၏ အကျိုးတရားကို မသိမြင်၊ ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်မြောက်နိုင်၏-လို့ သင့်အား ပြောသူကလည်း ကံနှင့် ကံ၏ အကျိုးတရားကို မသိမြင်၊ (မသိသူက မတတ်သူအား ပြောဟောသည်-ပေါ့) ထိုစကားကို မယုံကြည်ထိုက်၊ အသင့်ယုတ္တိလည်း မရှိပါ။``
``အကယ်၍ ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်မြောက်သည် ဖြစ်အံ့၊ ဖား လိပ် နဂါး မိကျောင်းစသော ရေနေသတ္တ၀ါအားလုံးတို့သည် နတ်ပြည်သို့ ရောက်ကုန်လတ္တံ့။``
``သိုးသတ်သမား ၀က်ထိုးသမား တံငါသည် သားမုဆိုး သူခိုး သူခိုးသတ်သမား-စသော မကောင်းမှုကို ပြုသော သူတို့သည်လည်း ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်ကုန်လတ္တံ့။``
``အကယ်၍ ဤမြစ်တို့သည် သက်ဆင်း၍ ရေချိုးခြင်းကြောင့် ပြုမိသော မကောင်းမှုတို့ကို မျှောပစ်နိုင်ကုန်အံ့၊ ကောင်းမှုတို့ကိုလည်း မျှောပစ်နိုင်ကုန်ရာ၏၊ ထိုသို့ ဖြစ်သော် သင်ပုဏ္ဏားသည် ကောင်းမှုမှ အပဖြစ်သူ ဖြစ်သွားရာ၏။``
``ရေသို့ သက်ဆင်း၍ ရေချိုးသူသည် ကောင်းမှုကို မမျှောနိုင်သလို မကောင်းမှုကိုလည်း မမျှောနိုင်ပါ၊ အဘယ့်ကြောင့်နည်း၊ ရေချိုးခြင်းသည် မကောင်းမှုဖြစ်ကြောင်းတို့၏ ဆန့်ကျင်ဘက် မဖြစ်နိုင်သောကြောင့်တည်း။``
``တစ်ခုက တစ်ခုကို ဖျက်ဆီးနိုင်မှသာ ဆန့်ကျင်ဘက် ဖြစ်နိုင်ပါ၏၊ အလင်းက အမှောင်၏ ဆန့်ကျင်ဘက်၊ ပညာက မသိနားမလည်မှု၏ ဆန့်ကျင်ဘက်ဖြစ်သလိုပါဘဲ။ သို့သော်လည်း ရေချိုးခြင်းက မကောင်းမှု့၏ ဆန့်ကျင်ဘက်မဖြစ်နိုင်ပါ။``
``ပုဏ္ဏား…..အကယ်၍ သင်သည် မကောင်းမှုကို ကြောက်သည်ဖြစ်အံ့၊ ထိုမကောင်းမှုကိုပင် မပြုလုပ်ပါလင့်၊ ဤကဲ့သို့ အေးသော အခါ၌ ရေသို့ သက်ဆင်းခြင်းသည် မိမိကိုယ်ကို သက်သက် နှိပ်စက်ခြင်းမျှသာတည်း၊ သင်၏ အရေပြားကို အအေးသည် မနှိပ်စက်ပါစေလင့်။``
``ရှင်မပုဏ္ဏာ…..သင်ဟာ မကောင်းသော လမ်းကြောင်းကို သွားနေတဲ့ ငါ့ကို မှန်ကန်ဖြူစင်တဲ့ လမ်းသို့ ဆောင်ပို့ဘိ၏၊ ထို့ကြောင့် သင့်အား နှစ်သက်ပါသည်၊ ဤအ၀တ်ကို သင့်အား ဆရာအား ပူဇော်သောအားဖြင့် ပေးပါ၏၊ ထိုအ၀တ်ကို ခံယူပါဘိလော့။``
အဲဒီလို ပုဏ္ဏားက ပြောတော့ ပုဏ္ဏားကို သရဏဂုံသီလတွေမှာ တည်စေခြင်လို့ ပြောလိုက်ပါတယ်``သင့်ရဲ့ အ၀တ်သည် သင့်အားသာ ဖြစ်ပါစေတော့၊ ငါကား အ၀တ်ကို အလိုမရှိပါ၊ အကယ်၍ အသင်ပုဏ္ဏားသည် အပါယ်ဆင်းရဲနှင့် သုဂတိဘုံ၌သော်မှလည်း ဆင်းရဲမျိုးစုံမှ ကြောက်သည် ဖြစ်အံ့၊ မချစ်နှစ်သက်သည် ဖြစ်အံ့၊ ထင်ရှားရာ၌ဖြစ်စေ ကွယ်ရာ၌ဖြစ်စေ အနည်းငယ်မျှသော မကောင်းမှုကို မပြုလုပ်ပါလင့်။``
``အကယ်၍ မကောင်းမှုကို နောင်အခါ၌ ပြုအံ့၊ ယခုအခါသော်လည်း ပြုအံ့၊ ဘယ်နေရာပြေးပြေး သင့်အား ဆင်းရဲမှ လွတ်မြောက်ခြင်း မရှိနိုင်ပါ၊ ဂတိကာလ-စသော အကြောင်းတို့ ညီညွတ်သော် အကျိုးပေးမှာ ဧကန်ပင် ဖြစ်ပါ၏။``
``အကယ်၍ ဆင်းရဲမျိုးစုံကို ကြောက်သည် ဖြစ်အံ့၊ မချစ်နှစ်သက်သည် ဖြစ်အံ့၊ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ပါလော့၊ သီလတို့ကိုလည်း ဆောက်တည်ဖြည့်ကျင့်ပါလော့၊ ထိုသရဏဂုံဆည်းကပ်မှုနှင့် သီလဆောက်တည်ဖြည့်ကျင့်ခြင်းသည် သင်၏ အစီးအပွားဖြစ်ပါလတံ့။``
အဲဒီလို ပြောတော့ ပုဏ္ဏားက ၀န်ခံပြီး ရတနာမြတ်သုံးပါးကို ကိုးကွယ်ပါတယ်၊ သီလတို့ကိုလည်း ဆောက်တည်ဖြည့်ကျင့်ပါတယ်၊ နောက်သော အခါမှာ ဘုရားရှင်ရဲ့ အထံတော်မှာ တရားနာရတော့ သဒ္ဓါတရားများ တိုးတက်လာပြီး ရဟန်းဝတ် တရားအားထုတ်ပါတယ်၊ ဒါ့ကြောင့် ရဟန္တာအဖြစ်နဲ့ ဘ၀ဇာတ်သိမ်းသွားပါတယ်။
တကယ်လို့များ ``ငါက မြင့်မြတ်တဲ့ ဇာတ်ရှိသူ၊ သူမက ကျွန်၊ သူနဲ့ စကားပြောစရာလိုလို့လား၊ သူပြောတဲ့ အတိုင်း ငါ လုပ်စရာလိုလို့လား၊ မတန်မရာစကားတွေ ပြောတယ်၊ ဖိနပ်ကြားက နတ်စကားထွက်တယ်``ဆိုပြီး မာနခံနေယင် ရဟန္တာဖြစ်နိုင်ဖို့ နေနေသာသာ သရဏဂုံတောင် တည်မှာ မဟုတ်၊ အယူမှားကိုလည်း စွန့်မှာ မဟုတ်တော့ ဘ၀ဒုက္ခတွေကို ဆက်လက်ခံစားနေရအုံးမှာပါ။ ဒါ့ကြောင့် မာနမထားရပါဘူး။ မှန်ကန်ပြီး အကျိုးရှိတဲ့ စကားကို နာယူသင့်တာပေါ့၊ နာယူပြီးယင်လည်း လိုက်ပြုကျင့်သင့်တာပေါ့။
ငါတို့ မြန်မာလူမျိုးတွေဟာ ``သာကီမျိုးဟေ့ ဒို့ဗမာ``နဲ့ မာန်ထောင်၊ ကိုယ့်ကိုယ်ကို အထင်ကြီး (တကယ့်ကို ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သူတွေ အများကြီးပါ။ နှိမ်တာ မဟုတ်ပါ။) ပညာဖလှယ်ရကောင်းမှန်းမသိ၊ လုပ်နိုင်တာ တစ်ခုတစ်လေလောက်နဲ့ ဟုတ်လှပြီလို့ အောက်မေ့လို့ ခေါင်းဆောင်လုပ်သူတွေက အစ ယခုတော့ ``သာကီမျိုးဟေ့ ဒို့ချာချာ``ဖြစ်နေပါပြီ။ ဒါ့ကြောင့် မာနမထား သူတစ်ပါးကိုလည်း အထင်ကြီးတဲ့ စိတ်မျိုးမထားဘဲ ပညာချင်းဖလှယ်၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်လေးစား မနာလိုဝန်တိုမှုတွေကို မထားကြယင် သိပ်ကောင်းမှာဘဲလို့ ဆန္ဒပြုမိကြောင်းပါ။
Read more »

အဝိဇ္ဇာယ နိဝုတော လောကော။
ဝေဝိစ္ဆာ ပမာဒါ နပ္ပကာသတိ။
ဇပ္ပါဘိလေပနံ ဗြူမိ။
ဒုက္ခမဿ မဟဗ္ဘယံ။

၁။မသိနားမလည်မှုအ၀ိဇ္ဇာသည် သတ္တလောကကို ဖုံးအုပ်ထားသည်။
၂။မစ္ဆရိယနှင့် ပမာဒတရားကြောင့် သတ္တလောကသည် ဂုဏ်ရောင်ဖြင့် မထင်ရှား။
၃။တဏှာသည် ငြိကပ်လိမ်းကျံကြောင်းတရားတည်း။
၎။သံသရာဝဋ်ဒုက္ခသည် သတ္တလောက၏ ဘေးကြီးတည်း။(သုတ္တနိပါတ်ပါဠိတော်)
Read more »

အကောက်သုံးမျိုး


၁။မကောင်းမှုကို ပြုပြီးပါလျက် ``ငါ မကောင်းမှုကို မပြုပါ``ဟု ပြောဆိုသူသည် နွားကျင်ငယ်ကောက်ကဲ့သို့ အလုံးစုံကောက်သူတည်း။

၂။မကောင်းမှုကို ပြုလျက်ပင် ``ငါ မကောင်းမှုကို ကြောက်လှပါ၏``ဟု ပြောဆိုသူသည် အကောက်များသောကြောင့် လရေးကောက်ကဲ့သို့ ကောက်သူတည်း။

၃။မကောင်းမှုကို ပြုလျက်ပင် ``ဘယ်သူက မကောင်းမှုကို မကြောက်ဘဲ ရှိအံ့နည်း``ဟု ပြောသူသည် နည်းနည်းသာ ကောက်သောကြောင့် ထွန်သွားကောက်ကဲ့သို့ ကောက်သူတည်း။
Read more »

နိဗ္ဗာန်

ဇရာမရဏဿ ပါရံ ၀ုစ္စတိ အမတံ နိဗ္ဗာနံ။ ယော သော သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပ္ပဋိနိဿဂ္ဂေါ တဏှက္ခယော ၀ိရာဂေါ နိရောဓော နိဗ္ဗာနံ။(စူဠနိဒ္ဒေသပါဠိတော်၊ နှာ၊ ၁၉၆)
အိုခြင်းသေခြင်းဆိုတာ ဒီဘက်ကမ်း၊ မအိုမသေခြင်းဆိုတာ ဟိုဘက်ကမ်း၊ ဟိုဘက်ကမ်းဆိုတာ နိဗ္ဗာန်၊ နိဗ္ဗာန်ဆိုတာ သင်္ခါရအားလုံးငြိမ်းသွားတာ၊ ဥပဓိအားလုံးကို စွန့်လိုက်တာ၊ တဏှာကုန်သွားတာ၊ တဏှာ ကင်းသွားတာ၊ တဏှာချုပ်သွားတာ၊ တဏှာ ထွက်သွားတာ။
Read more »

 
Powered by Blogger | Tested by Blogger Templates | Best Credit Cards